သာယာဝတီ ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးရှေးရှုပြီး ဆောင်းသီးနှံစိုက်ပျိုးသည့်တောင်သူများ သီးနှံအထွက်တိုးဝင်ငွေတိုးပွားစေရန်နှင့် စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဆီထွက်သီးနှံ နေကြာစိုက်ဧက(၃၂၉၂)ဧက၊ မြေပဲ(၁၂၈)ဧကနှင့် နှမ်း(၃၂)ဧကစိုက်ပျိုးပြီးစီးပြီး လျာထားဧကထက် ကျော်လွန်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံအလိုက်လျာထားဧကတွေပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် တောင်သူများအားလိုအပ်သည့် စိုက်ပျိုးရေးနည်းစနစ်များ၊ သွင်းအားစုသဘာဝမြေသြဇာသုံးစွဲရေးနည်းလမ်းများကို စိုက်ပျိုးရေးဝန်ထမ်းများက ကွင်းဆင်းပြီးအသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းနှင့် သီးနှံအထွက်နှုန်း ပန်းတိုင်အထွက်နှုန်းများရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ စနစ်တကျရွေးချယ်စိုက်ပျိုးနိုင်ဖို့ ပိုးမွှားများအန္တရာယ်ကျရောက်မှုမှ ကာကွယ်နိုင်ဖို့အတွက်လည်း တာဝန်ခံဝန်ထမ်းများက ကွင်းဆင်းပြီး ပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သာယာဝတီမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံ နေကြာ(၃၁၇၀)ဧက၊ မြေပဲ(၉၅)ဧက၊ နှမ်း(၁၁)ဧက စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများ သတ်မှတ်ဧကထက်ကျော်လွန်စွာစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ တတိယပတ်ကစတင်ပြီး မျိုးကောင်းမျိုးသန့် မျိုးစေ့များဖြန့်ဝေပေးခြင်း၊ ဓာတ်မြေသြဇာများ ဖြန့်ဝေပေးခြင်းများနှင့် တောင်သူများ လိုအပ်သလို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန့်ဇော်(ပြန်/ဆက်)