ဟိုင်းကြီးကျွန်းမြို့၌ ဆီထွက်သီးနှံ ဆောင်းနေကြာမျိုးစေ့ပေးအပ်ပွဲနှင့် မျိုးစေ့ချစိုက်ပျိုးပွဲ ကျင်းပ

ဟိုင်းကြီးကျွန်း ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ပြည်သူများ စာသုံးဆီဖူလုံစေရေးနှင့် ဒေသခံတောင်သူများ စပါးအပြင် ဆီထွက်သီးနှံ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိစေရေးရည်ရွယ်၍ ဆောင်းနေကြာမျိုးစေ့ချ စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ကင်ချောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၈၆၈(က)၊ ကွင်းအမည် ကညင်ချောင်းတောင်ကွင်း၊ ဦးပိုင်အမှတ် (၈၅/၁)၊ တောင်သူ ဒေါ်ငွေကြည်၏လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟိုင်းကြီးကျွန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် တက်ရောက်လာသော တောင်သူများအား ဆောင်းသီးနှံနေကြာ Super Sun 41 စပ်မျိုး မျိုးစေ့များ ပေးအပ်ခဲ့ကြပြီး ဆောင်းနေကြာစိုက်ဧရိယာ (၂)ဧကတွင် နေကြာမျိုးစေ့များအား စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့၌ ဒေသခံတောင်သူများ လူမှုစီးပွားဖွံ့ဖြိုးစေရေးအတွက် နွေစပါး၊ ဆောင်းနေကြာနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် သွင်းအားစုများ၊ မျိုးကောင်းမျိုးသန့်များနှင့် နည်းပညာ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများ ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)