ပခုက္ကူ ဒီဇင်ဘာ ၁၇
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနကြီးကြပ်မှုအောက်ရှိ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသင်တန်းဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းဇော်က စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းများအလိုက် သင်တန်းကာလသတ်မှတ်ချက်များ၊ တက်ရောက်ခွင့်ရရှိမည့် အဆင့်သတ်မှတ်ချက်များ၊ သင်တန်းစည်းမျဉ်း၊ စည်းကမ်းများနှင့် ကာလတိုသင်တန်းတက်ရောက်ပြီးမြောက်၍ အဆင့်မီသူများ ဆက်လက်တက်ရောက်ခွင့်ရရှိမည့် ပညာရပ်ဆိုင်ရာဒီပလိုမာနှင့် ဘွဲ့အမျိုးအစားများ၊ သင်တန်းအမျိုးအစားအလိုက် တက်ရောက်ပြီးစီးသူများ၊ ရရှိမည့်အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဌာနများအကြောင်းတို့ကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများက ဆွေးနွေးဟောပြောမှုအပေါ် သိရှိလိုသည်များမေးမြန်းကာ သင်တန်းအမျိုးအစားအလိုက် စာရင်းပေးသွင်းကြသည်။
အခြေခံပညာဦးစီးဌာနကြီးကြပ်မှုအောက်တွင် ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းတွင် အခြေခံပညာအထက်တန်းအဆင့်(တက္ကသိုလ်ဝင်တန်း)ကို အထူးအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နည်းပညာတက္ကသိုလ်(အင်ဂျင်နီယာဘွဲ့)ခြောက်နှစ်၊ အစိုးရနည်းပညာကောလိပ်(နည်းပညာဘွဲ့)လေးနှစ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်(စိုက်ပျိုးရေးသိပ္ပံဘွဲ့)ငါးနှစ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(တိရစ္ဆာန်ဆေးပညာဘွဲ့)ခြောက်နှစ်နှင့် (မွေးမြူရေးပညာဘွဲ့) လေးနှစ်တို့ကိုလည်းကောင်း၊ ဆက်လက်အဆင့်မီသူများအနေဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်ဂျင်နီယာနည်းပညာဒီပလိုမာ) ၃ နှစ်၊ စိုက်ပျိုးရေးသိပ္ပံ(စိုက်ပျိုးရေးဒီပလိုမာ)သုံးနှစ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(စက်မှုလယ်ယာနည်းပညာဒီပလိုမာ)သုံးနှစ်၊ မွေးမြူရေးသိပ္ပံ(မွေးရေးဒီပလိုမာ)သုံးနှစ်၊ ငါးလုပ်ငန်းသိပ္ပံ(ငါးလုပ်ငန်းသိပ္ပံဒီပလိုမာ) သုံးနှစ်တို့ကိုလည်းကောင်း အသီးသီးတက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး သင်တန်းပြီးမြောက်သူများအား အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးခြင်း၊ သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းခွင်အသီးသီးတို့တွင် ဝင်ရောက်လုပ်ကိုင်စေခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)