မင်းလှမြို့၌ ကျောင်းအခြေပြု တီဘီရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေးရှာဖွေခြင်း ဆက်လက်ဆောင်ရွက်

အထက်မင်းလှ ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းအခြေပြု တီဘီရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေးရှာဖွေဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီက  မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါအကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ တီဘီသံသယရှိသော ကျောင်းသား၊ ကျောင်းသူများကို တီဘီဌာနတွင် သလိပ်စစ်ဆေးခြင်း၊ ဓာတ်မှန်၊ ဓာတ်ခွဲဌာနတို့တွင် ရင်ခေါင်းဓာတ်မှန်ရိုက်ကူးခြင်းနှင့် သွေးစစ်ဆေးခြင်းတို့ ဆောင်ရွက်ပေးခြင်းနှင့် လိုအပ်သည့်ကုသမှုများ ဆက်လက်ဆောင်ရွက်ပေးမည်ပြီး အခြေခံပညာကျောင်းများတွင် တက်ရောက်နေသော‌ ကျောင်းသား‌ ကျောင်းသူများကြားတွင် တီဘီရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် တီဘီရောဂါပိုးစောစီးစွာရှာဖွေဖော်ထုတ် ကုသနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

မင်းလှမြို့နယ်အတွင်း၌ အခြေခံပညာမူလတန်းကျောင်း(၉၃)ကျောင်း ၊အလယ်တန်းကျောင်း(၅၄)ကျောင်း၊ အထက်တန်ကျောင်း(၁၁)ကျောင်း စုစုပေါင်း(၁၅၈)ကျောင်းရှိပြီး၊ ကျောင်းသား၊ ကျောင်းသူပေါင်း (၂၀၆၄၃)ဦးရှိရာ ဒီဇင်ဘာ(၁၆)ရက်နေ့အထိ တီဘီရောဂါ ရှိ/မရှိစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူ(၈၁၈၆)ဦး၊ ကျောင်းပေါင်း(၃၀)ကျောင်း စစ်ဆေးဆောင်ရွက်ပြီးဖြစ်၍ ကျန်ရှိနေသည့် ကျောင်းများတွင် ဆက်လက်စစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)