ဘားအံ ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ မြိုင်ကြီးငူနန်းဦးဘေးမဲ့တောရကျောင်း ဦးစီးပဓာနနာယက ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိကအား သွားရောက်ဖူးမြော်ကြည်ညို၍ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနက ပေးအပ်သော ပြည်တော်ဝင်မိသားစုများအတွက် ချီးမြှင့်ငွေများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်နယ်လမ်းဦးစီးဌာနမှ ထီးဖိုးကလုံး-မြိုင်ကြီးငူ-မဲသဝေါလမ်းပိုင်း ပြင်ဆင်ထိန်းသိမ်းစရိတ်များကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာရှိ ဆောင်းမြေပဲ အထွက်နှုန်းတိုးတက်ရေး နည်းပညာပေးစံပြစိုက်ခင်းဧက(၁၀၀)၌ တောင်သူများနှင့် တွေ့ဆုံရာ တောင်သူများက ဆီထွက်သီးနှံ ပဲပုတ်၊ မြေပဲနှင့် နေကြာများစိုက်ပျိုး၍ ဒေသစက်ဖြင့် ဆီကြိတ်ခွဲထုတ်လုပ်နေမှု အခြေအနေ၊ ကွင်းအမှတ်-၁၄၅၉ (ဃ)ရွှေဂွန်းကွင်းနှင့် ကွင်းအမှတ်-၁၄၆၀ ကမ်းနီကွင်းတို့တွင် တစ်ကွင်းတစ်ဆက်တည်း ဆီထွက်သီးနှံ ပဲပုတ်နှင့်မြေပဲ (၉၉၀)ဧက စိုက်ပျိုး၍ တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက် ပြည့်မီကျော်လွန်ထွက်ရှိမှုများကို ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်သည် ဆီဖူလုံမှု ၇၃ ရာခိုင်နှုန်းသာရှိသည့်အတွက် ယခုထက်ပိုမို တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန်နှင့် နှစ်သီးမှသုံးသီးတိုးတက်စိုက်ပျိုးနိုင်ရေး တောင်သူများ၏ လိုအပ်ချက်များကို စဉ်ဆက်မပြတ် ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားကာ မြေပဲစိုက်ခင်းအတွင်း တောင်သူများမှ (ဂျစ်ပ်ဆမ်) ကျောက်မုန့်မြေဩဇာထည့်သွင်းနေမှုနှင့် အောင်မြင်ဖြစ်ထွန်းနေသော မြေပဲနှင့်ပဲပုတ်စိုက်ခင်းများအား လှည့်လည်ကြည့်ရှုအားပေး၍ တောင်သူများအား ဂျစ်ပ်ဆမ်ကျောက်မှုန့်မြေဩဇာများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းဦးစီးဌာနမှ ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးအား အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်လမ်းနယ်နိမိတ်ရရှိရေးနှင့် လမ်းအင်္ဂါရပ်များနှင့်အညီဖြစ်စေရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရသည်။
ခရိုင်(ပြန်/ဆက်)