ဘားအံ နိုဝင်ဘာ ၂၉
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အမှတ်(၂)ရပ်ကွက်၊ မြတ်လေးလမ်းတွင် ယနေ့ နံနက်(၅)နာရီခွဲခန့်က အလျား(၄၀)အနံ(၁၅)ပေခန့်ရှိ (၂)ထပ် သွပ်မိုးပျဉ်ထောင်အိမ်အပေါ်ထပ်ရှိ မိန်းခုံဝါယာကြိုး မီးအပူလွန်ကဲပြီး နေအိမ်မီးလောင်ကျွမ်းခဲ့ရာမှ အိမ်ခေါင်းရင်းရှိ အိမ်တစ်လုံး၊ ခြေရင်းရှိ အိမ်တစ်လုံးကို မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း မီးသတ်ဉီးစီးဌာနမှ သိရသည်။
အဆိုပါမီးလောင်ရာသို့ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူ များက ပူးပေါင်းကာ မီးသတ်ကား(၆)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက်(၆)နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အလျား(၄၀)အနံ(၁၅)ပေခန့်ရှိ နေအိမ်အရှေ့RC၊ အိမ်နောက်ဘက် ပျဉ်ကာ သွပ်မိုး(၂)ထပ်အိမ်၊ အိမ်ခေါင်းရင်းရှိ နေအိမ်၏ အလျား(၃၀)ပေ၊ အနံ(၁၀)ပေ၊ ဘိလပ်မြေကြိတ်သားကာ၊ အိမ်ခြေရင်းရှိ နေအိမ်၏ အလျား(၄၀)ပေ၊ အနံ(၁၃)ပေရှိ နှစ်ထပ်တိုက်တို့အား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။
မီးပေါ့ဆစွာ အသုံးပြု၍ နေအိမ်အား မီးလောင်ပျက်စီးစေခဲ့သည့် အိမ်ရှင်အား ဘားအံ မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက် ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)