သနပ်ပင်မြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကျင်းပ

ပဲခူး ဒီဇင်ဘာ

သနပ်ပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ သနပ်ပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားအား သီရိဇေယျာခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူများကပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့ သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို အခြေခံပညာကျောင်းများကို အခြေပြုပြီး စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ ဝင်/ထွက် သွားလာသည့် အလေ့အကျင့်များ ဖြစ်လာစေရန်၊ စာဖတ်ခြင်းကိုတန်ဖိုးထားကာ ဉာဏ်ပညာအတွေးအခေါ်မြင့်မားရေး ဗဟုသုတပြည့်စုံကြွယ်ဝရေးအတွက် စာတတ်သူတိုင်းစာဖတ်ကြရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်ကျင်းပပေးရခြင်း ဖြစ်ကြောင်း၊ မိမိတို့ပဲခူးတိုင်းဒေသကြီးအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို မြို့နယ်(၁၄)ခုမှာ (၁၄)ကြိမ် ကျင်းပပေးသွားမှာဖြစ်ပြီး ယနေ့စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သည် (၁၃)ကြိမ်မြှောက် ကျင်းပပေးခြင်းဖြစ်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ပူးပေါင်းဆောင်ရွက်မှုကော်မတီတို့ ပူးပေါင်း၍ ကျောင်းသား/သူများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် ကျောင်းသား/သူများအနေဖြင့် ကျောင်းစာများကို ကြိုးစားလေ့လာသင်ယူရင်း ဗဟုသုတရဖို့ စာပေများကို ဖတ်ရှုလေ့လာကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် သုတ/ရသ စာအုပ်စာစောင်များကိုလည်းကောင်း၊ ဝေါမြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနား၌ အသိပညာဗဟုသုတများရရှိစေရေး ဟောပြောပေးမည့် စာရေးဆရာမကြီးနှင့် စာအုပ်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ၎င်းနောက် အခြေခံပညာအထက်တန်းအဆင့် ပထမဆုရရှိသောပြိုင်ပွဲဝင် ကျောင်းသူတစ်ဦး စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ကျပန်းစကားပြောခြင်း သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သီဆို၊ ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သနပ်ပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်လျက်ရှိသော ကျောင်းစာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၊ ပညာရေးဆိုင်ရာပြခန်းနှင့် သုတ/ရသ စာအုပ်အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)