ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဖာပွန်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဘားအံ ဒီဇင်ဘာ ၁၇

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က နံနက်ပိုင်းက ဖာပွန်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ဖာပွန်ခရိုင်နှင့်ကမမောင်းမြို့အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများအနေဖြင့် ပြည်သူ့အကျိုးကိုရှေ့ရှု၍ တာဝန်ထမ်းဆောင်နေကြခြင်းဖြစ်ပြီး ပါတီနိုင်ငံရေးကင်းရှင်းဖို့လိုကာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်၍ ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံး နေထိုင်ကြစေလိုကြောင်း ပြောကြားပြီး ခရိုင်၊ မြို့နယ်၊ မြို့ရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ဆန်၊ ဆီ၊ ကြက်ဥအစရှိသော အခြေခံစားသောက်ကုန်များကို ချီးမြှင့်ပေးအပ်ကာ လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမမောင်းမြို့ ပြည်သူ့ဆေးရုံလူနာဆောင်နှင့် တိုးချဲ့ခွဲစိတ်ဆောင်တို့တွင် တက်ရောက်ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှု အခြေအနေများကို မေးမြန်းအားပေးပြီး အာဟာရဖြည့်စွက်အစားအစာများ ချီးမြှင့်ပေးအပ်ကာ အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအတွက် အထွေထွေအသုံးစရိတ် ငွေကျပ်(၃)သိန်းနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမမောင်းမြို့အခြေခံပညာအထက်တန်းကျောင်းရှိ တိုးချဲ့စာသင်ဆောင် ၁၂၀ပေ x ၃၀ ပေ တည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားကာ အဆိုပါအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား၊ သင်ယူနေမှု အခြေအနေများကို ကြည့်ရှုအားပေး၍ လိုအပ်သည်များမှာကြားကာ အထွေထွေအသုံးစရိတ်ငွေကျပ်(၃)သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ချီးမြှင့်ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမမောင်းမြို့ ကိုးနဝင်းဘုန်းတော်ကြီး ကျောင်းဆရာတော် ဘဒ္ဒန္တကုသလအား သွားရောက်ဖူးမြော်ကြည်ညို၍ ဆန်၊ဆီအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ အဆိုပါဘုန်းတော်ကြီးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းသည့် ချီးမြှင့်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ကမမောင်းမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဖာပွန်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၂)ကတ်ကို ပြည်သူ့လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)