မကွေး ဒီဇင်ဘာ ၁၇
ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ကြီးကြပ်ဖွင့်လှစ်သည့် ဧည့်ကြိုသင်တန်း (Front Office)၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုသင်တန်း (Food & Beverage Service) နှင့် အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း (House Keeping)စသည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃)မျိုးဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မကွေးမြို့၊ ပုလဲရွှေရည်ဟော်တယ်၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
ရှေးဦးစွာ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်အထိ ဟိုတယ်(၃၅)လုံး၊ တည်းခိုရိပ်သာ(၂၅)လုံး၊ စုစုပေါင်း(၆၀)လုံးထိ ဖွင့်လှစ်ထားနိုင်ပြီး ဟိုတယ်ဝန်ထမ်းအင်အားစုစုပေါင်း (၄၅၇)ဦးရှိကာ သင်တန်းတက်ရောက်ပြီးစီးမှုအနေဖြင့် (၉၂)ရာခိုင်နှုန်းရှိပြီဖြစ်သည့်အတွက် ဝန်ထမ်းများ၏ စွမ်းဆောင်မှုများ တိုးတက်လာတာတွေ့ရှိရပါကြောင်းနှင့် ဝန်ထမ်းအားလုံး ရာနှုန်းပြည့်သင်တန်းတက်ရောက်ပြီးစီးရေးအတွက် ဆက်လက်တွန်းအားပေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးရှိ ခရီးစဉ်ဒေသအသီးသီးသို့ ခရီးသွားဧည့်သည်ဝင်ရောက်မှသာ ဝင်ငွေရရှိမှုများလည်း တိုးတက်လာမှာဖြစ်ပြီး ကျွမ်းကျင်လုပ်သားထု ပေါ်ပေါက်လာခြင်းကြောင့်လည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် သင်တန်းတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် သင်တန်းသားများအား စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းသားများကိုယ်စားသင်တန်းသား (၁) ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန အစီအစဉ်ဖြင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃)မျိုးအနက်ဧည့်ကြိုသင်တန်း(Front Office)၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုသင်တန်း Food & Beverage (Service) သင်တန်း(၂)မျိုးအား မကွေးမြို့၌ သင်တန်းသား/သူ (၆၀)ဦး၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း (House Keeping)အား အောင်လံမြို့၌ သင်တန်းသား/သူ(၃၀)ဦး စုစုပေါင်းသင်တန်းသား/သူ(၉၀)ဦးအား ဟိုတယ်သင်တန်းကျောင်းများတွင် သင်ကြားပြသနေသည့် ဆရာ၊ ဆရာမများမှ ဒီဇင်ဘာလ (၂)ရက်နေ့မှ (၁၇) ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)