ဘိုကလေး ဒီဇင်ဘာ ၁၇
လူငယ်များ ဗလငါးတန်အပါအဝင် ကဏ္ဍစုံဖွံ့ဖြိုးတက်ရေးကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ဒီဇင်ဘာ (၁၅)ရက် ညနေ(၃)နာရီအချိန်၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါစကားဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့်ဝန်ထမ်းများ၊ နယ်စပ်ဒေသလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ သင်တန်းသား/သူများ တက်ရောက်ကြပြီး စကားဝိုင်းမစတင်မီ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်ဝေဝေမြင့်က စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်၊ ဘိုကလေးမြို့နယ် နယ်စပ်ဒေသလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဦးနိုင်လိန်းဟုန်းတို့၏ ဦးဆောင်ဆွေးနွေးမှုများနှင့်အတူ သင်တန်းကျောင်း၏ သင်တန်းသား/သူ (၄)ဦးက လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာကြည့်တိုက် ခေါင်းစဉ်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးပြောကြားခဲ့ကြောင်းနှင့် ဆွေးနွေးမှုများအပေါ် စကားဝိုင်းသို့တက်ရောက်လာကြသော သင်တန်းသား/သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
စကားဝိုင်းအပြီး၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သင်တန်းသား/သူများအား ကဏ္ဍစုံအသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစုံ စာအုပ်၊ စာပေများ ခင်းကျင်းပြသကြရာ သင်တန်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)