(အ.ထ.က)ရွှေသောင်ယံကျောင်းတွင် စုံညီပွဲတော်ကျင်းပနိုင်ရေး စုပေါင်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရွှေသောင်ယံ ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ (အ.ထ.က)ရွှေသောင်ယံတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကျောင်းစုံညီပွဲတော်အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် တာဝန်ခံယာယီကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီတာဝန်ရှိသူများမှ စုံညီပွဲတော်နှင့်ပတ်သက်၍ လိုအပ်သည်များကိုပြောကြားကာ တက်ရောက်လာကြသော ကျောင်းသားမိဘများနှင့် တိုင်ပင်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးရာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စုံညီပွဲတော်ဖြစ်သည့်အတွက် ဘက်စုံထူးချွန်သော ကျောင်းသားလူငယ်များ ပေါ်ပေါက်လာရေးကိုရှေးရှု၍ ယခုနှစ်စုံညီပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့် ဆုပေးပွဲအခမ်းအနားများကျင်းပနိုင်ရေး လိုအပ်သည်များရှိပါက မိဘ၊ ဆရာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို့ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီများ စုံညီစွာတက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံ (ပြန်/ဆက်)