မြို့သစ် ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ၊အခြေခံပညာအထက်တန်းကျောင်းတွင် “ကျွန်ုပ်တို့ကလေးများ၏ အနာဂတ်လုံခြုံစိတ်ချနိုင်ရန် ကလေးလုပ်သားခိုင်းစေခြင်းကို အဆုံးသတ်ခြင်းဖြင့် စတင်လုပ်ဆောင်ကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/ကျောင်းသူများ ကလေးအလုပ်သမားနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရေးအတွက် နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့၊ နေ့လယ်(၁)နာရီက မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် ကလေးအလုပ်သမား၏အသက်အရွယ်၊ ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် မိဘအုပ်ထိန်းသူ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများလိုက်နာဆောင်ရွက်သင့်သည့်အကြောင်းအရာများကို အသိပညာပေးပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကြည့်ရှုခြင်း၊ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(မြို့သစ်)