စစ်ကိုင်း ဇန်နဝါရီ ၉
စစ်ကိုင်းမြို့တွင် အကြိမ်(၂၀)မြောက်၊ အမေနေ့ အခမ်းအနားကို ယနေ့ နံနက်(၁၀) နာရီက စစ်ကိုင်းတောင်ရိုး၊ ဟေမာဝတီကျောင်းတိုက် အတွင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းစာပေပညာရှင်ကြီးများကိုယ်စား ဆရာဦးရဲထွဋ်(မောင်မျက်ရှင်)က အမှတ်တရ စကားပြောကြားပေးပြီး အမေနေ့ အထိမ်းအမှတ်အဖြစ် တက်ရောက်လာကြသည့် စာပေပညာရှင်များက မိမိတို့မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များကိုယ်စား အသီးသီးအမှတ်တရစကားများ ပြောကြားပေးခဲ့ကြသည်။
" စစ်ကိုင်းမြို့မှာတော့ အမေနေ့ရယ်လို့ ပီပီပြင်ပြင်ကျင်းပခဲ့တာ ၁၃၆၀ပြည့်နှစ် ပြာသိုလပြည့် နေ့ကဖြစ်ပါတယ်၊ ပထမဆုံးကျင်းပခဲ့တာကတော့ ရွှေဟင်္သာတိုက်သစ် သဒ္ဒမ္မကာရီကျောင်းဆောင်မှာ ကိုးဘွဲ့ရ ဆရာတော် အရှင်အာစာရာလင်္ကာရက ဦးဆောင်ကျင်းပခဲ့ပါတယ်၊ ၂၀၀၅ခုနှစ်ကစပြီး ဟေမာဝတီ ကျောင်းတိုက်မှာ ဆရာတော်ဦးကောဝိဒ ဦးဆောင်ပြီး ပြောင်းရွေ့ကျင်းပခဲ့တာ အခုဆိုရင် အကြိမ်(၂၀)မြောက်ရောက်ရှိခဲ့ပါပြီ၊ နောင်နှစ်တွေမှာလည်း စဉ်ဆက်မပြတ်ကျင်းပနိုင်အောင်လည်း စီစဉ်ဆောင်ရွက်သွားမှာပါ " ဟု စစ်ကိုင်းမြို့ စာရေးဆရာ ဦးမျိုးသူရ က ပြောပြ၍သိရသည်။
အမေနေ့အခမ်းအနားသို့ စစ်ကိုင်း၊ မုံရွာ၊ မန္တလေး၊ အမရပူရ၊ တံတားဦး၊ အင်းဝများမှ စာပေ ပညာရှင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး မိမိတို့ကိုယ်တိုင်ရေးဖွဲ့ သီကုံးထားသည့် အမေနှင့်ပတ်သက်သည့် ကဗျာများကို ရွတ်ဆိုပေးခဲ့ကြကြောင်းသိရသည်။
ဇော်မြင့်နိုင်