ပုသိမ် ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းတွင် ကျုံပျော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ခရိုင်အတွင်း မြို့နယ်များရှိ စိုက်ပျိုးဧကများတွင် စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရိုင်အတွင်းရှိ မြို့နယ်များတွင် တစ်နှစ်ပတ်လုံးဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံဧကများတွင် စိုက်ပျိုးရေလုံလောက်စွာရရှိရေး အချိန်မီဆောင်ရွက်သွားကြရန်၊ မြစ်ရေတင်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်" မှာကြားရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ အချိန်မီစိုက်ပျိုးပြီးစီးရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ရေရရှိရေးဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လေးမျက်နှာမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် စိုက်ပျိုးရေလုံလောက်စွာရရှိရေး ဆောင်ရွက်ထားမှုများအား ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း သီးထပ်စိုက်ပျိုးရန် အဓိကလိုအပ်သည့် အရင်းအမြစ်မှာ စိုက်ပျိုးရေဖြစ်သောကြောင့် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် နည်းလမ်း ၄ သွယ်ဖြင့် ဆောင်ရွက်လျက်ရှိရာ မြစ်ရေတင်စီမံကိန်းများကို တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လေးမျက်နှာမြို့နယ်အတွင်း စပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိပါကြောင်း၊ စိုက်ပျိုးသီးနှံများ ရာနှုန်းပြည့်သီးထပ်စိုက်ပျိုးနိုင်ရေး ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)