ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲ ၉၉၁၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ ၉၉၁၀ ဧကထိ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲသီးနှံ ၂၁၈၄၃ ဧက စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများက သတ်မှတ်စိုက်ဧကပြည့်မီစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ကုလားပဲသီးနှံ ၉၉၁၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားနပ်ရိက္ခာဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့ ရည်ရွယ်ပြီး ကုလားပဲသီးနှံ ၂၁၈၄၃ ဧက စိုက်ပျိုးဖို့လျာထားပါတယ်။ ဒီနေ့ထိ ၉၉၁၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ကုလားပဲသီးနှံ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး လျာထားစိုက်ဧကပြည့်မီအောင်၊ အထွက်နှုန်းများတိုးတက်အောင်၊ အရည်အသွေးကောင်းတဲ့သီးနှံများထွက်ရှိအောင် တောင်သူတွေကို ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးကြဖို့၊ ပိုးမွှားရောဂါမကျရောက်အောင် ဆောင်ရွက်ကြဖို့ သက်ဆိုင်ရာဆက်စပ်ဌာနများနဲ့ ပူးပေါင်းပြီး စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးတာတွေကို ကွင်းဆင်းဆောင်ရွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အထွက်နှုန်းကောင်းမွန်ရေးနှင့် အရည်အသွေးကောင်းသော သီးနှံများထွက်ရှိရေးအတွက် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များရရှိရေး၊ ပိုးမွှားကျရောက်မှုကင်းရှင်းရေး၊ ဓာတ်မြေဩဇာစနစ်တကျသုံးစွဲရေး စသည့် အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)