မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းအခြေပြု တီဘီရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေးရှာဖွေခြင်း ကွင်းဆင်းဆောင်ရွက်

အထက်မင်းလှ ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြုတီဘီရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေး ရှာဖွေဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးနှင့် ကျန်းမာရေးဝန်ထမ်းဆရာမများက ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါအကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ တီဘီသံသယရှိသော ကျောင်းသား၊ ကျောင်းသူများကို တီဘီဌာနတွင် သလိပ်စစ်ဆေးခြင်း၊ ဓာတ်မှန်၊ ဓာတ်ခွဲဌာနတို့တွင် ရင်ခေါင်းဓာတ်မှန်ရိုက်ကူးခြင်းနှင့် သွေးစစ်ဆေးခြင်းတို့ ဆောင်ရွက်ပေးခြင်းနှင့် လိုအပ်သည့်ကုသမှုများ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

မင်းလှမြို့နယ်အတွင်း၌ အခြေခံပညာမူလတန်းကျောင်း(၉၃)ကျောင်း၊ အလယ်တန်းကျောင်း(၅၄)ကျောင်း၊ အထက်တန်ကျောင်း(၁၁)ကျောင်း စုစုပေါင်း(၁၅၈)ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူပေါင်း(၂၀၆၄၃)ဦးရှိရာ အခြေခံပညာကျောင်းများတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများကြားတွင် တီဘီရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် တီဘီရောဂါပိုး စောစီးစွာရှာဖွေဖော်ထုတ်ကုသနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)