ပေါက်ခေါင်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ ၃၁၄၇၃ ဧကလျာထားစိုက်ပျိုးမည်

ပေါက်ခေါင်း ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ ဒေသခံတောင်သူများ၏ လယ်ယာမြေများတွင် ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံဧက ၃၁၄၇၃ လျာထားစိုက်ပျိုးမည်ဖြစ်ပြီး တောင်သူများအနေဖြင့် မိုးစပါးရိတ်သိမ်းအပြီး မြေအစိုဓာတ်ရှိနေချိန်တွင် ဆောင်းသီးနှံများကို အချိန်မီစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးကို အဓိကထားလုက်ကိုင်ကြပြီး၊ နှစ်စဉ်နွေစပါး၊ မိုးစပါးသီးနှံ၊ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ ပဲမျိုးစုံနှင့် ဝါများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်‌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနှမ်း ၄၄၅၄ ဧက၊ မြေပဲ ၅၇၁၉ ဧက၊နေကြာ ၃၅၀ ဧကနှင့် မတ်ပဲ ၁၂၈၄၀ ဧက၊ ပဲတီစိမ်း ၁၀၉၆၇ ဧက၊ ပဲနောက် ၆၁၄၃ ဧက စုစုပေါင်း ၂၇၆၃၃ ဧကကို လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်နိုင်ရေး၊ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပိုးမွှားကျရောက်မှုမရှိစေရေးအတွက် နည်းပညာများ ဖြန့်ဝေအသိပေးခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ ပေါက်ခေါင်းမြို့နယ်တွင်ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ၊ ပဲမျိုးစုံအပြင် စားဖိုဆောင်သီးနှံများ၊ ချည်မျှင်ရှည်ဝါနှင့် ဟင်းသီးဟင်းရွက်မျိုးစုံကိုလည်း လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)