မိုးညိုမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုးညို ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်မီးသတ်ဦးစီးဌာနမှ ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အသိပညာ‌ပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များပူးပေါင်း၍ စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ တည်းခိုခန်းများနှင့် ကာရာအိုကေ(KTV)ဆိုင်များ မီးသုံးစွဲမှုစစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးကိုစနစ်တကျအသုံးပြုကြရန်၊ ရှေးဦးမီးငြိမ်းသတ်ရေးပစ္စည်းကရိယာများနှင့် မီးသတ်ဆေးဗူးများ အသင့်ထားရှိမှု၊ လျှပ်စစ်သုံးစွဲရာတွင် ကောင်းမွန်သောဝါယာကြိုးများ တပ်ဆင်အသုံးပြုနိုင်ရေး၊ မီးလောင်လွယ်သောအမှိုက်များအား ရှင်းလင်းဆောင်ရွက်နိုင်‌ရေးတို့ကို စစ်ဆေး၍ မီးလောင်မှုများမဖြစ်ပေါ်စေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။

မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး မီးဘေးလုံခြုံရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ မီးသတ်ယာဥ်ဖြင့် အသိပေးနှိုးဆော်ခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြသခြင်းလုပ်ငန်းများကိုလည်း စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)