ဘားအံ ဒီဇင်ဘာ ၁၆
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ)သင်တန်းများဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့ ကန်သာဦးခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ကရင်ပြည်နယ်ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်အသင်း (ကရင်ဇုန်) နှင့် တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် တာဝန်ခံများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကရင်ပြည်နယ် ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ဘားအံမြို့သည် တောတောင်သဘာဝရှုခင်းများ၊ ထုံးကျောက်တောင်တန်းကြီးများ၊ လှိုဏ်ဂူများ၊ ရိုးရာယဉ်ကျေးမှုများနှင့် ပွဲတော်များ၊ စိမ်းစိုလှပသော စပါးခင်းကြီးများ၊ ရေတံခွန်များ၊ သဘာဝပတ်ဝန်းကျင်များကြောင့် ခရီးသွားများအတွက် ရွေးချယ်မှုအများဆုံးနှင့် ခရီးသွားကုမ္ပဏီများမှ Tour Package ရောင်းချရမှုအများဆုံး ခရီးစဉ်ဒေသတစ်ခုလည်း ဖြစ်ပါကြောင်း၊ ဒါ့ကြောင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း (၃)မျိုးကို သင်ကြားပေးမည့် ဆရာများအနေဖြင့်လည်း မိမိတို့တတ်သိထားတဲ့ ပညာရပ်များကို ကျွမ်းကျင်မှုနဲ့ပေါင်းစပ်ကာ စေတနာထားသင်ကြားပေးကြပြီး လေ့လာသင်ယူမည့် သင်တန်းသား/ သင်တန်းသူများကလည်း ကြိုးစားကာ စိတ်ဝင်တစား လေ့လာသင်ယူကြစေလိုကြောင်း၊ မိမိတို့ရဲ့ လုပ်ငန်းခွင်မှာ အကျိုးရှိရှိ အသုံးချနိုင်အောင် ကြိုးစားသင်ယူပြီး မိမိတို့ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခရီးသွားကဏ္ဍနှင့် ဆက်စပ်နေတဲ့ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များအားလုံး ပူးပေါင်းကာစွမ်းဆောင်ပြီး ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယခုဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ) သင်တန်းများဖြစ်သည့် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့် ဖျော်ယမကာ ဧည့်ခံကျွေးမွေးရေးသင်တန်း စသည့် ဘာသာရပ် (၃) မျိုးဖြင့် သင်တန်းသား၊ သင်တန်းသူ (၉၈) ဦး တက်ရောက်ခဲ့ကြပြီး ဧည့်ကြိုသင်တန်းအား သင်တန်းသား၊ သင်တန်းသူ (၃၀) ဦးဖြင့် The Grace Hotel တွင်လည်းကောင်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်းအား သင်တန်းသား၊ သင်တန်းသူ(၄၀)ဦးဖြင့် Golden Palace Hotel တွင်လည်းကောင်း၊ အစားအစာနှင့် အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေးသင်တန်းအား သင်တန်းသား၊ သင်တန်းသူ (၂၈)ဦးဖြင့် Hotel Kan Thar Oo တွင်လည်းကောင်း၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၉၈) ဦးအား (၁၆.၁၂.၂၀၂၄) မှ (၁၀.၁.၂၀၂၅) ရက်နေ့အထိ အတွေ့အကြုံရှိနည်းပြများဖြင့် (၄) ပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလို သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် ကရင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် အထောက်အကူပြုစေမည်ဖြစ်ပြီး ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနအလိုက် ဝန်ထမ်းများ၏ ဝန်ဆောင်မှုအရည်အသွေးများကိုလည်း အဆင့်အတန်းမြင့်မားလာစေမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)