နတ်တလင်း ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးအောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဦးလတ်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးအောင်မှ အဖွင့်အမှာ စကားပြောကြား၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဦးလတ်မှ မီးဘေးလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်ဖွဲ့ဝင်များအားလုံးအနေဖြင့် မီးငြှိမ်းသတ်ခြင်းနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုသိရှိနားလည်သဘောပေါက်စေရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရန်မီးသတ် တပ်ဖွဲ့ဝင်များမှ ပေါင်းစပ်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယခုလို သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အရန်မီးသတ်တပ်ဖွဲ့ တူညီဝတ်စုံများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးတက်ရောက်ခဲ့ပြီး ဒီဇင်ဘာလ ၁၆ ရက်မှ ဇန်နဝါရီလ ၁၀ ရက်နေ့ထိ ရက်သတ္တပတ် ၄ ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးမှူးရုံးမှ သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)