ဖြူး ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်း၏ ဆောင်းရာသီစိုက်ပျိုးရေးကဏ္ဍအနေဖြင့် ဆီထွက်သီးနှံဆောင်းနေကြာအား ဒီဇင်ဘာပထမအပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ဧက(၂၀)ခန့်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးဝင်းလှိုင်ထံမှ သိရသည်။
ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံဆောင်းနေကြာ(၇၁၆၈)ဧကစိုက်ပျိုးနိုင်ရေးလျာထားပြီး လျာထားချက်ပြည့်မီစွာစိုက်ပျိုးပြီးစီးကြောင်း၊ ဆောင်းနေကြာစိုက်ပျိုးရာတွင် သီးသန့်စိုက်ပျိုးခြင်းနှင့် အခြားမြေပဲ၊ မတ်ပဲသီးနှံများကြားတွင် ပင်ကြားတန်းကြား စိုက်ပျိုးကြကြောင်း သိရသည်။
လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းပိုင်မြေတွင် ဆီထွက်သီးနှံဆောင်းနေကြာ(၂၀)ဧကအပြင်ဆောင်းနှမ်းလည်းစိုက်ပျိုးကြောင်းနှင့် ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံနေကြာစိုက်ပျိုးမှုလျာထားချက်ပြည့်မီကျော်လွန်ရေး၊ အထွက်နှုန်းကောင်းရေး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းကြီးကြပ်မှုကော်မတီဝင်များက ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)