မြင်းမူ နိုဝင်ဘာ ၂၉
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့အားကစားကွင်းအတွင်း တည်ဆောက်လျက်ရှိသည့် မိုးလုံ လေလုံအားကစားရုံ တည်ဆောက်မှု လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက နိုဝင်လာလ(၂၇)ရက်နေ့က ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မိုးလုံလေလုံအားကစားရုံမှာ အလျှား(၁၂၀)ပေ၊ အနံ(၉၀)ပေရှိပြီး အတွင်းပိုင်းတွင် (၂)ဖက် ပွဲကြည့်စင်များ ထည့်သွင်းတည်ဆောက် ထားကြောင်း၊ အားကစားနည်းများအနေဖြင့် ဘောလီဘော ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ဘက်စကက်ဘော၊ ရိုးရာခြင်း၊ အေရိုးဗစ်၊ စားပွဲတင်တင်းနစ်၊ ဖူဆယ်နှင့် အခြားအားကစားနည်းများကို ထည့်သွင်း ကျင်းပနိုင်မည်ဖြစ်ကြောင်းနှင့် နေပူမိုးရွာမရှောင် လေ့ကျင့် ခြင်းများ ဆောင်ရွက်ခြင်းဖြင့် မြို့နယ်အားကစားကဏ္ဍများ ဖွံ့ဖြိုးလာနိုင်ကြောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အား/ကာမှူး ဦးဝင်းလှိုင်ထံမှ သိရှိရသည်။
မိုးလုံလေလုံ အားကစားရုံကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ (၂၆၁ ဒဿမ၁၀) သန်းဖြင့် Friends Tech 99 ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခြင်းဖြစ်ကာ ပွဲကြည့်စင်(၂)ခုမှ ပရိသတ်(၅၀၀)ဝင်ရောက် ကြည့်ရှု နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)