ပြည်မြို့(တေဇ) အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပြည် ဒီဇင်ဘာ ၁၆

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်မြို့နယ် စာရေးဆရာအသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်မြို့(တေဇ) အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုး‌ရေးနှင့် ကျောင်းစာအတတ်ပညာအပြင် အသိဉာဏ်ပညာ ဗဟုသုတများ ပိုမိုဖွံ့ဖြိုး‌တိုးတက်ရရှိစေမည့် သုတ/ရသ စာအုပ်စာပေများ လေ့လာဖတ်ရှုရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းကိုလည်းကောင်း၊  ပြည်မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာမောင်စိမ့်စမ်း(သဲကုန်း)က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း၊ စာဖတ်ခြင်းအကျိုးကျေးဇူးနှင့် မြန်မာ့ရိုးရာ/ တိုင်းရင်း သားရိုးရာ စကားပုံများ၊ စကားထာများ ဖတ်ရှု‌လေ့လာပြီး ကျောင်းသား၊ ကျောင်းသူများအချင်းချင်း ဉာဏ်စမ်းပဟေဠိလေ့ကျင့်မှုမှတစ်ဆင့် စဉ်းစားတွေးခေါ်မှု ထက်မြက်လာစေရေးအကြောင်းကိုလည်းကောင်း၊ ပြည်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဒေါ်ခိုင်ဝါဝါအောင်က တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်းကိုလည်းကောင်း အဆိုပါကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၇၅ ဦးခန့်အား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် အဆိုပါကျောင်းမှ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်သိမှတ်ဖွယ်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ နယ်လှည့်စာကြည့်တိုက်သုံးဘီးယာဉ်မှ သုတ/ရသ စာအုပ်စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)