အုတ်ဖိုမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်

အုတ်ဖို ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းဇော်၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်လင်းနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းဇော်မှ အဖွင့်အမှာစကားပြောကြား၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်လင်းက မီးဘေးလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်ဖွဲ့ဝင်များအားလုံးအနေဖြင့် မီးငြှိမ်းသတ်ခြင်းနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုသိရှိနားလည်သဘောပေါက်စေရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ပေါင်းစပ်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယခုလိုသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ အရန်မီးသတ်တပ်ဖွဲ့ တူညီဝတ်စုံများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးတက်ရောက်ခဲ့ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ဇန်နဝါရီလ ၁၀ ရက်နေ့ထိ ရက်သတ္တပတ် ၄ ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးမှူးရုံးမှ သိရသည်။

အောင်သူ(ပြန်/ဆက်)