သရက်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ဖွင့်လှစ်

သရက် ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက တောင်မင်းတည်းရပ်ကွက် သိမ်းကြီးဓမ္မာရုံးအတွင်း ကျင်းပရာ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဉီး တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအေးက အဖွင့်အမှာစကား ပြောကြားရာတွင် မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်များအပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်ဆိုသည့် မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရင်း မိမိတို့ကျေးရွာ၊ ရပ်ကွက်များအတွင်း မီးလောင်မှုနှင့် သဘာဝဘေးအန္တရာများ ဖြစ်ပွားလာပါက ဆုံးရှုံးနည်းနိုင်သမျှနည်းအောင် ဆောင်ရွက်စေလိုကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ထွေးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ပြောကြားပေးခဲ့ပြီး ခရိုင်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူအသီးသီးက တူညီဝတ်စုံများ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းအား သင်တန်းသား (၅၀)ဦးဖြင့် ဒီဇင်ဘာ (၁၆)ရက်နေ့မှ ဇန်နဝါရီ (၁၀)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)