သာယာဝတီမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်ပွဲကျင်းပ

သာယာဝတီ ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့​သည်။

ရှေးဦးစွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၄)ကို သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုက သင်တန်းဖွင့်မိန့်ခွန်းပြောကြားရာတွင် မီးသတ်တပ်ဖွဲ့ကို နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလုပ် သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းများ၊ နိုင်ငံပိုင်ပုဂ္ဂလိကပိုင်အဆောက်အဦများ၊ ကုန်ထုတ်အရင်းအနှီးများအား မီးဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရန်၊ သဘာဝဘေးအလျှောက် ဖြစ်ပွားတတ်သောဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်အရန်အင်အားအဖြစ် လေ့ကျင့်ဖွဲ့စည်းတည်ဆောက်ရန်ဆိုတဲ့ မွန်မြတ်တဲ့ ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားတာဖြစ်ကြောင်း အရန်မီးသတ်တပ်ဖွဲ့ဝင်ရဲဘော်တို့ဟာ လူမှုရေးလုပ်ငန်းများကို ပြည်သူလူထုအတွင်း လက်တွေ့ဆောင်ရွက်နေသူများ ဖြစ်သည်နှင့်အညီ တပ်ဖွဲ့အသွင်ဖြင့်ဖွဲ့စည်းထားရှိပြီး စည်းကမ်းလိုက်နာတတ်မှု အမိန့်နာခံတတ်မှု စတဲ့အလေ့အကျင်ကောင်းတွေနဲ့အတူ လူထုအသိုင်းအဝန်းတစ်ခုလုံးရဲ့ အကျိုးကိုရှေးရှုဆောင်ရွက်တတ်တဲ့ အရည်အသွေးကောင်းများပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံမှာ နှစ်စဉ်ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးအနက် မီးဘေးအန္တရာယ်ဟာ အများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံးမှာ နှစ်စဉ်မီးလောင်မှုအကြိမ်ပေါင်း ပျှမ်းမျှ (၁၀၀၀) ကျော်ဖြစ်ပွားတတ်ပြီး ဆုံးရှုံးမှုတန်ဘိုးအားဖြင့် ကျပ်သန်းပေါင်း (၂၄၀၀) ကျော်ခန့်ဖြစ်နေတာကို စိစစ်တွေ့ရှိရကြောင်း၊ မီးသတ်လုပ်ငန်းတွေဟာ တစ်ဦးချင်းဆောင်ရွက်ရတဲ့ လုပ်ငန်းမျိုးမဟုတ်ဘဲ အစုလိုက်အဖွဲ့လိုက် အားကျိုးမာန်တက်ဆောင်ရွက်ရတဲ့ လုပ်ငန်းများဖြစ်ကြောင်း အဖွင့်မိန့်ခွန်းပြောကြားသည်။ 

 ဆက်လက်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းသားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သာယာဝတီမြို့နယ် မီးသတ်ဦးစီးမှူး ဦးခင်မောင်လတ်တို့က တူညီဝတ်စုံများပေးအပ်ကြသည်။ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်မှ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ထိ သင်တန်းဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)