ငပုတော ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဝောာင်ပိုင်း၊ သာယာကျောင်းတိုက်၌ ယမန်နေ့နံနက်(၈)နာရီအချိန်က မဟာဒုတ် ဆွမ်းသပိတ်လောင်းလှူပွဲကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ပြီးနောက် မြို့နယ်အကျိုးတော်ဆောင်ဆရာတော်ဘဒ္ဒန္တနန္ဒ(သာသနဓဇဓမ္မာစရိယ)အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်မူအပ်သော တရားတော်များကို နာယူကြည်ညိုကြသည်။ အဆိုပါ မဟာဒုတ် ဆွမ်းသပိတ်လောင်းလှူပွဲတွင် အလှူရှင်များက သံဃာအပါး(၁၁၉) ပါးတို့အား ဆွမ်းသပိတ်နှင့် နဝကမ္မအလှူတော်ငွေများအား ဆရာတော်အရှင်သူမြတ်များထံသို့ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ စာတော်ပြန်ပွဲကို နေ့လည်(၁)နာရီအချိန်တွင် သာယာအေးအာရုံခံစေတီရင်ပြင်၌ ကျင်းပခဲ့ရာ ငပုတောမြို့ပေါ်စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆရာတော်များထံ ဩကာသကန်တော့ချိုး၊ သရဏဂုံ(၉)ပါး၊ ငါးပါးသီလ တို့ကို စာတော်ပြန်ခဲ့ကြသည်။ ထို့နောက် ဆရာတော်အရှင်သူမြတ်များက ကျောင်းသား၊ ကျောင်းသူများကို တစ်ဦးလျှင် ငွေကျပ်(၅၀၀၀)ကျပ်တိတိအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး စာတော်ပြန်ပွဲကျင်းပရခြင်းမှာ ပရိယတ္တိ သာသနာ ထွန်းကားလာစေရန်နှင့် နောက်နှစ်များတွင်လည်း ယခုလို စာတော်ပြန်ပွဲများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)