ပခုက္ကူမြို့၊ အဝေးပြေးကားကြီးကွင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပခုက္ကူ ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အဝေးပြေးကားကြီးကွင်းရှိ ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးမော်တော်ယာဉ်လိုင်းများနှင့် ခရီးသွားပြည်သူများထံ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဦးသန်းထွဋ်နှင့် ဝန်ထမ်းများ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း၊ ခရိုင်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးဝင်းသန်း၊ အမှတ်(၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပခုက္ကူခရိုင်)မှ ရဲအုပ်အောင်တင်နှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(ပခုက္ကူ)မှ ဒုတိယရဲအုပ်ဝင်းလှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးမော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီရုံးမှ တာဝန်ရှိသူများပူးပေါင်း၍ လူကုန်ကူးမှုဖြစ်ပေါ်ရသည့်အကြောင်းရင်းများ၊ သတိထားရမည့် လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေများနှင့် ဥပဒေအရ ကျခံနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ ပြည်ပအလုပ်အကိုင်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနည်းလမ်းများအကြောင်းတို့ကို အသိပညာပေးရှင်းလင်းဟောပြောခြင်း၊ မော်တော်ယာဉ်လိုင်းပိုင်ရှင်များ၊ ယာဉ်မောင်းများ၊ အလုပ်သမားများနှင့် ခရီးသွားပြည်သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

ဘာမီသာ(ပခုက္ကူ)