ရေနံချောင်း နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျွန်းချောင်းကြီးကျေးရွာမှ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ ယာဉ်နောက်လိုက်နှင့် ထိတွေ့ဆက်စပ်ခဲ့သူ ၁၃ ဦးကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ၅ ဦးတွင် ပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း သတင်းမှန်ပြန်ကြားရေး ဆပ်ကော်မတီမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ အသက်(၄၈)နှစ်အရွယ် အမျိုးသားယာဉ် နောက်လိုက်မှာ ကုန်တင်ကုန်ချပြုလုပ်ရန် ကျွန်းချောင်းကြီးကျေးရွာမှ နိုဝင်ဘာ ၂၇ ရက်နေ့က ထွက်ခွာခဲ့ပြီး မင်းဘူးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ RDT Test Kit ဖြင့် စစ်ဆေးရာတွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကျွန်းချောင်းကြီးကျေးရွာမှ ၎င်းပိုးတွေ့လူနာယာဉ်နောက်လိုက်နှင့် ထိတွေ့ဆက်စပ်ခဲ့သူ ၁၃ ဦးအား မိတ်ဆွေကောင်းလူမှုကူညီရေး အသင်းနှင့် အေးကုန်းပရဟိတအဖွဲ့တို့မှ မောင်တော်ယာဉ် များဖြင့် ယနေ့နံနက်ပိုင်း က ရေနံချောင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦးတို့တွင် ရောဂါပိုးတွေ့ရှိခဲ့ပြီး ၎င်းတို့အား မြို့နယ်ပြည်သူ့ဆေးရုံ သီးခြား အဆောင်တွင် လိုအပ်သည့် ဆေးဝါးကုသမှုများ ပြုလုပ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ ယခုပိုးတွေ့လူနာ ၅ ဦးအပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၇ ဦး ရှိခဲ့ပြီး ယနေ့နံနက် ၉ နာရီ အထိ ဆေးရုံဆင်းခွင့်ရရှိသူ ၆၁ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်