ကော့သောင်း ဒီဇင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်၊ မိုတယ်နှင့်တည်းခိုခန်းများတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန်ဆောင် ရွက်နိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ကော့သောင်းမြို့၊ Victoria Cliff Hotel & Resort တွင် ယနေ့နံနက် (၉)နာရီခွဲခန့်က ကျင်းပရာ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
ထိုသို့ ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့များက ငလျင်လှုပ်ခတ်ပြီး ဟိုတယ်အတွင်း ပိတ်မိနေသူများနှင့်ဒဏ်ရာရရှိသူများအား ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသုံးပြု၍ ကယ်ဆယ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဒဏ်ရာရရှိသူများအနက် အရေးပေါ်လူနာ၊ အရေးကြီးလူနာ၊ သာမန်လူနာများခွဲခြား၍ ရှေးဦးသူနာပြုစုခြင်းနှင့် ဆေးရုံသို့ ပို့ဆောင်ခြင်း၊ ကျန်ရှိ/ ပျောက်ဆုံးသူများ ရှိ/ မရှိကို စာရင်းကောက်ယူ စိစစ်ဆောင်ရွက်ခြင်း စသည်တို့ကို အချိန်တိုအတွင်း အလျင်အမြန် ပြီးစီးရန် ဇာတ်တိုက်လေ့ကျင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ငလျင်ဘေးအန္တရာယ်ဆိုသည်မှာ ကြိုတင်ခန့်မှန်း၍ မရသော ဘေးအန္တရာယ်ဖြစ်သည့်အတွက် ယခုလို ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ရခြင်းဖြင့် ဟိုတယ်အတွင်းရှိ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဧည့်သည်များအနေဖြင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်မည့် နည်းလမ်း၊ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များကို သိနိုင်ကြောင်း၊ သဘာဝဘေးနှင့် ပတ်သက်၍ မဖြစ်ခင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ဖြစ်ပွားနေစဉ် ကာလအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ၊ ဖြစ်ပွားပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာ/ အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းပြီး ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်ခြင်းကို လေ့ကျင့်ရခြင်းဖြစ်ကြောင်း၊ ဇာတ်တိုက်လေ့ကျင့်မှုများတွင် ပါဝင်သော သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းပါဝင်သူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)