ငဖဲမြို့ အရှေ့ဘက်လယ်မြေတွင် စားဖိုဆောင်ဟင်းသီးဟင်းရွက် ကိုက်လန်စိုက်ခင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ငဖဲ ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့၏ အရှေ့ဘက်လယ်မြေများတွင် မြေအောက်ရေဖြင့် ရာသီအလိုက်သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ ဆောင်းရာသီ စားဖိုဆောင်သီးနှံအဖြစ် ကိုက်လန်ဟင်းသီးဟင်းရွက်စိုက်ခင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်ရောင်းချရကာ မိသားစုပုံမှန်ဝင်ငွေရရှိနေကြောင်း စိုက်ပျိုးရောင်းချသူ တောင်သူ ဒေါ်သင်းခိုင်ထံမှ သိရသည်။

ကိုက်လန်မျိုးစေ့ထုတ်များကို မင်းဘူးမြို့မှဝယ်ယူ၍ ပျိုးခင်းတွင် မြေဆွေးဖုံးပြီး မျိုးစေ့များကို လက်မဝက်ခန့်အနက်ထား၍ တစ်စေ့နှင့်တစ်စေ့ တစ်လက်မခြား ပျိုးထောင်ရကြောင်း၊ ပျိုးပင်ပေါက်များကို တစ်ပင်နှင့်တစ်ပင် ၆ လက်မခြားပြီး တန်းကြား ၂ ပေအကွာ စိုက်ပျိုးရကြောင်း၊ ရက် ၂၀ ခန့်အကြာတွင် ပျိုးပင်များ အမြစ်စွဲသွားသည့်အခါ တစ်ပင်နှင့်တစ်ပင် တစ်ပေကွာအောင်ထားပြီး မလိုအပ်သည့် အပင်များကို နုတ်ပစ်ရကြောင်း၊ အပင်များ ၄ လက်မခန့် အမြင့်ရောက်သည့်အခါ ဓာတ်မြေဩဇာအရည် ပက်ဖျန်းပေးရပြီး အပင်အားသန် အရွက်လှစေရန်အတွက် ကောက်ရိုးမြေဆွေး၊ သစ်ဆွေးများ ဖုံးအုပ်ပေးရကြောင်း သိရသည်။

စိုက်ပျိုးပြီး နှစ်လခန့်အကြာတွင် စတင်ခူးဆွတ်ရောင်းချရကာ ဆောင်းရာသီ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည့် ကိုက်လန်ကို ကြော်ချက်စားသုံးခြင်းနှင့် အတို့အမြှပ်အဖြစ်စားသုံးလျှင် အလွန်ချို၍ လူအများကြိုက်နှစ်သစ်ကြကာ ဝယ်ယူစားသုံးသူများပြားကြောင်း၊ ကိုက်လန်နှင့်အတူ စားဖိုဆောင်ဟင်းသီးဟင်းရွက်များ၊ မေမြို့ပန်းများကိုလည်း စိုက်ပျိုးထားရှိပြီး  ကိုက်လန်တစ်ပင်လျှင် ငွေကျပ် ၃၀၀ နှုန်းဖြင့် နေ့စဉ် ၁၅၀၀၀ ကျပ်ဖိုးခန့် ရောင်းချရကြောင်း၊ ကိုင်းမြေမှထွက်ရှိသည့် ဟင်းသီးဟင်းရွက်များကို ငဖဲမြို့မဈေးတွင် မိမိကိုယ်တိုင်ရောင်းချပြီး ရာသီအလိုက်ဟင်းသီးဟင်းရွက်များကို နေ့စဉ်မပြတ် စိုက်ပျိုးရောင်းချရလို့ မိသားစုစီးပွားရေးအဆင်ပြေကြောင်း တောင်သူ ဒေါ်သင်းခိုင်က ပြောကြားခဲ့သည်။

ငဖဲမြို့နယ်တွင် မြို့မရပ်ကွက်၊ ချင်းစုရပ်ကွက်၊ အိုးမြေတွင်းကျေးရွာနှင့် ပန်းထိမ်းကျေးရွာများတွင် မြေအောက်ရေနှင့် မန်းချောင်းရေကို အသုံးပြု၍ ကိုင်းမြေများတွင် တစ်နိုင်တစ်ပိုင် ရာသီအလိုက် ဟင်းသီးဟင်းရွက်နှင့် သီးနှံများ၊ မေမြို့ပန်းနှင့် ဂန္ဓမာပန်းများကို စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)