စလင်း ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပဲစဥ်းငုံသီးနှံ စိုက်ပျိုးရောင်းချခြင်းဖြင့် နှစ်စဥ်ဝင်ငွေတိုးပွား၍ နိုင်ငံခြားပို့ကုန်သီးနှံနှင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား စိုက်ပျိုးစေလျက်ရှိကြောင်း သိရသည်။ ယခုအခါတွင် ပဲစဥ်းငုံသီးနှံအား စိုက်ပျိုးရန် လျာထား (၈၁၄၇ ဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ အင်ကြင်းပင်လှကျေးရွာအုပ်စု အင်ကြင်းပင်လှကျေးရွာရှိ တောင်သူဦးကျော်နိုင် စိုက်ပျိုးထားသည့် ကွင်းအမှတ် (၅၄၂) ပဲစဥ်းငုံ (၅)ဧက စိုက်ခင်း အောင်မြင်ဖြစ်ထွန်းကြောင်း ပဲစင်းငုံစိုက်တောင်သူထံမှ သိရသည်။
စလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူအများစုသည် နေရာဒေသအလိုက် ဆန်စပါး၊ ပဲပြောင်းနှင့် ဆီထွက်သီးနှံအများအပြားကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မြေအမျိုးအစားအနေဖြင့် မြေကျောက်စရစ်၊ မြေနီသဲဝန်း၊ နုန်းမြေစေးတို့တွင် ကောင်းစွာဖြစ်ထွန်းပြီး ပိုမိုစိုက်ပျိုးဖြစ်ထွန်းကြောင်း သိရသည်။ ပဲစဥ်းငုံမျိုးများအနေဖြင့် ပင်ပြန့်နှင့် ပင်ထောင်ဟူ၍ (က)သက်ကြီးမျိုး (ခ)သက်လတ်မျိုး ရေဆင်း-သက်လတ်မျိုး၊ ရေဆင်း-၄ နှင့် (ဂ)သက်ငယ်မျိုးရေ ဆင်း-၃ တို့ဖြစ်ပြီး အပင်ဖြစ်ထွန်းပေါက်ရောက်မှုအား (၈၀)ပေါက်ကြောင်း သိရသည်။
ပဲစဥ်းငုံစိုက်ပျိုးရာတွင် မြေယာပြုပြင်ရာ၌ နွားများဖြင့် ထယ်နှစ်စပ်(သို့မဟုတ်)၁၆ သွား ထွန်နှင့် နှစ်စပ်ထွန်ပြီး ထယ်ရေးညက်အောင်ထွန်ဖြင့် ထယ်စာခဲများကို ကြေညက်အောင် ထွန်ရကြောင်း ပဲစဥ်းငုံစိုက်ပျိုးရန် သက်ကြီးပဲစဥ်းငုံအတွက် မြေအား (၄ ပေခွဲ X ၁ ပေ)၊ သက်လတ်မျိုးအတွက် ပင်ကြား (၃ ပေ x ၁ ပေ)၊ သက်ငယ်မျိုးအတွက် (၂ ပေ x ၆ လက်မခြားကာ စိုက်ပျိုး၍ အပင်များ စိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းစေရန် မြေဆွေးနှင့် ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ်မြေသြဇာများကို ရောနှော၍ စိုက်ပျိုးရကြောင်း ပဲစဥ်းငုံတစ်ဧက သက်ကြီးမျိုးအပင်ရေ (၉၆၀၀) ပင်၊ သက်လတ်မျိုးပင်ရေ (၁၄၀၀၀)ပင်၊ သက်ငယ်မျိုးပင်ရေ (၄၃၀၀၀)ပင်ခန့် စိုက်ပျိုးရရှိကြောင်း၊ ပဲစဥ်းငုံသက်ကြီးမျိုးနှင့် သက်လတ်မျိုးများကို မေလနှင့် ဇွန်လတို့တွင် ထွန်ယက်စိုက်ပျိုးရပြီး သက်ငယ်ပဲစဥ်းငုံမျိုးကို သြဂုတ်လအတွင်းမှ အောက်တိုဘာလအထိသာ စိုက်ပျိုးရမည်ဖြစ်ပြီး ပဲစဥ်းငုံမျိုးများအား မျိုးစေ့အလိုက် သတ်မှတ်ထားသည့် အတန်းများအတိုင်း မြောင်းများတွင် စိုက်ပျိုးရပြီး ပဲစဥ်းငုံတစ်ဧကအတွက် ယူရီးယား ၂၈ ပေါင်၊ တီစူပါ ၁၈၀ ပေါင်၊ ပိုတက်ရှ် ၁၀၀ ပေါင်တို့ကို မြေခံအဖြစ်ထည့်သွင်းပေးရကာ စိုက်ပျိုးပြီး နှစ်ပတ်သားမှ ပဲစဥ်းငုံပန်းပွင့်ချိန်အထိ ဆေးဖျန်းပေးရသည်။ သက်ကြီးပဲစဥ်းငုံစိုက်ပျိုးရာ၌ အတန်းများကြား၌ မြေပဲ၊ နှမ်းနှင့် ပဲမျိုးစုံ အစေ့ထုတ်ပြောင်း နှံစားပြောင်းတို့ကို သီးညှပ်အဖြစ် စိုက်ပျိုးပြီး ပဲစဥ်းငုံမရိတ်သိမ်းမီ အခြားသီးနှံများကို စိုက်ပျိုးရိတ်သိမ်းရ၍ ပို၍အကျိုးအမြတ်ရရှိနိုင်ကြောင်း၊ ပိုးမွှားရောဂါများကို ပန်းမပွင့်မီ ကြိုတင်ကာကွယ်ရန်လိုကြောင်း၊ ယခုအခါ ပဲစဥ်းငုံပင်များ မြင့်တက်ကောင်းမွန်၍ အသီးအပွင့်များ ပိုမိုသီးလာကာ အစေ့များ အောင်မြင်ဖြစ်ထွန်းနိုင်ကြောင်း၊ ယခင်နှစ်တွင် ပဲစဥ်းငုံစိုက်ဧက တစ်ဧကလျှင် (၁၅)တင်းရရှိပြီး တစ်တင်းလျှင် ကာလပေါက်စျေး (၁၁၀၀၀၀)ကျပ် ရောင်းချရ၍ ယခုနှစ်တွင် စျေးကောင်းရရှိရန် မျှော်လင့်ကြောင်း ပဲစဥ်းငုံစိုက်တောင်သူ ဦးကျော်နိုင်ထံမှ သိရသည်။
(မောင်လွင်)စလင်း