သရက်ချောင်းမြို့နယ်‌၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံဂဟေဆက်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

သရက်ချောင်း ဒီဇင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉နာရီခွဲအချိန်က အသက်မွေးဝမ်းကျောင်းအ‌ထောက်အကူပြု သံဂဟေဆက်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။

ရှေးဦးစွာအခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ရဲမှူးထွန်းအောင်ကျော်က အဖွင့်အမှာစကားပြောကြားပြီးနောက် သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်‌ထက်က သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် (Focal Ministry) ဖြစ်သည့်အားလျော်စွာ ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်နှင့်အညီ အလုပ်အကိုင်အခွင့်အ‌လမ်း၊ မိသားစုဝင်ငွေတိုးပွားလာစေခြင်းနှင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စီးပွားရေးအခွင့်အလမ်းများရရှိစေရန် များစွာပံ့ပိုးကူညီလျက်ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများအပြင် မြစိမ်းရောင်စီမံကိန်းများကိုလည်း မြို့နယ်အတွင်း၌ အောင်မြင်တွင် အကောင်ထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ရဲမှူးထွန်းအောင်ကျော်နှင့် တာဝန်ရှိသူများက အဆိုပါသင်တန်းတွင် အသုံးပြုရန်အတွက် သံဂဟေဆက်မည့် ဆက်စပ်ပစ္စည်းများအား သင်တန်းသားများထံ ပေးအပ်ခြင်း၊ သင်တန်းသားများနှင့် အမှတ်တရမှတ်တမ်းဓါတ်ပုံများရိုက်ကူးကာ အခမ်းအနား ရုပ်သိမ်းလိုက်ပြီးနောက် တာဝန်ရှိသူများက သင်တန်းတွင် အသုံးပြုမည့် သံဂဟေဆက်မည့် စက်ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသည် ဒေသနှင့်ကိုက်ညီပြီး အလုပ်အကိုင်အခွင့်အလမ်းပေါများသော အသက်မွေးဝမ်းကျောင်းပညာများရရှိကာ လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်နိုင်သည်အထိ ကျွမ်းကျင်တက်ရောက်လာစေရန်၊ တစ်ပိုင်တစ်နိုင်အိမ်တွင်းမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမှသည် အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများပိုမိုတိုးတက်လာပြီး အသေးစားစက်မှုလုပ်ငန်းများမှ နိုင်ငံ့စီးပွားအထောက်အကူပြုနိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းနည်းပြဆရာက သင်တန်းသားများအား သံဖြတ်နည်း၊ ဂဟေဆက်ရာတွင်သုံးမည့် ပစ္စည်းများအသုံးပြုပုံ၊ ဂဟေစက်အသုံးပြုပုံ၊ သံများအား ဂဟေဆက်နည်းနှင့် လျှပ်စစ်ချိန်ညှိခြင်း၊ ဂဟေဆက်သ‌င်္ကေတများ စသည့်သင်ခန်းစာများကို သင်တန်းသား (၁၀) ဦးတို့ဖြင့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့ထိ (၁၅) ရက်ကြာ စာတွေ့/ လက်တွေ့နည်းများဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်‌ထက်ထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)