လိပ်သို ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကြီးမားပုံနှင့်ဆိုးကျိုးများအကြောင်း သိရှိရှောင်ရှားတတ်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင် မူးယစ်ဆေးဝါးသည် အောင်မြင်မှုခရီးလမ်းလျှောက်လှမ်းရာ၌ အဟန့်အတားဖြစ်စေသည့် လက်နက်တစ်မျိုးဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲသူတိုင်း တွေ့ကြုံခံစားရမည့် ရောဂါဝေဒနာများအကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတရှာမှီး၍ မူးယစ်ဆေးဝါး၏ အန္တရာယ်သားကောင်မှ ကင်းလွတ်အောင် ဆင်ခြင်သုံးသပ်ရှောင်ရှားစေလိုကြောင်းနှင့်မူးယစ်ဆေးဝါး၏အန္တရာယ်ကြီးမားပုံနှင့်စပ်လျဉ်း၍ ပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများကို ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ်