မကွေး နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့ ညပိုင်းအချိန် သတင်းထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇၀ ဦး ထပ်တိုးတွေ့ရှိလာပြီး တိုင်းဒေသကြီးအတွင်း ပိုးတွေ့အတည်ပြုစာရင်းအရ(၁၃၇၀)ဦး ထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
“တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုက တဖြည်းဖြည်းစိပ်လာတယ်၊ နိုဝင်ဘာလ ၂၈ ရက် ဒီကနေ့မှာ ပိုးတွေ့လူနာ (၇၀)ဦး အထိ တွေ့ရှိခဲ့တာပါ၊ ဒီကနေ့မှာတော့ NHL results အရ(၅၉) ဦးနဲ့ RDT results ၁၁ ဦးပါ၊ ပိုးတွေ့လူနာပေါင်း(၇၀)ဦးထိ တွေ့ရှိတာ ဖြစ်ပါတယ်၊ ထပ်တိုးတွေ့ရှိခဲ့တဲ့ ပိုးတွေ့လူနာတွေက မကွေးက(၁၁)ဦး၊ အောင်လံ(၈)ဦး၊ စလင်း(၆)ဦး၊ နတ်မောက်(၅)ဦး၊ ဆင်ပေါင်ဝဲ (၅)ဦး၊ တောင်တွင်းကြီး(၂)ဦး၊ မြိုင်(၃)ဦး၊ ရေနံချောင်း(၇)ဦး၊ မင်းလှ(၁)ဦး၊ မြို့သစ်(၆)ဦး၊ ပွင့်ဖြူ(၇) ဦး၊ မင်းဘူး(၄)ဦး၊ ချောက်(၂)ဦး၊ ပခုက္ကူ(၁)ဦး၊ ကံမ(၁)ဦးနဲ့ စေတုတ္တရာ(၁)ဦးတို့ ဖြစ်ပါတယ်၊ ပိုးတွေ့ လူနာတွေထဲက အောင်လံ(၄)ဦး၊ ရေနံချောင်း (၅)ဦးနဲ့ မြို့သစ်(၁)ဦးတို့က ပိုးတွေ့အတည်ပြု လူနာနဲ့ ထိတွေ့မှုရှိတာကြောင့် အသွားအလာကန့်သတ် ထားသူတွေပါ၊ မြိုင်(၁)ဦးနဲ့ အောင်လံ(၁)ဦး တို့က ယာဉ်မောင်း/ယာဉ်နောက်လိုက်တွေဖြစ်ပြီး၊ ကျန်သူတွေက ရန်ကုန်ပြန်၊ မန္တလေးပြန်နဲ့ ပြည်ပ (တရုတ်) ပြန်(Quarantine Centre)တွေက ဖြစ်ပါတယ်၊ ဒီနေ့ညပိုင်းအချိန်အထိ တိုင်းဒေသကြီး အတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာ စုစုပေါင်း(၁၃၇၀)ဦးရှိနေပြီ ဖြစ်တယ်” ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြု ပြောကြားသည်။
မကွေးမြို့ပေါ် ကိုဗစ်ပိုးတွေ့ရှိမှုမှာ သံဃာတော်တစ်ပါး ပါဝင်ကာ၊ သံဃာတော်မှာ မန္တလေး ပြန်ဖြစ်ပြီး အနံ့ပျောက် လက္ခဏာ ပြလာလို့ ဆေးစစ်ရာမှ ပိုးတွေ့ရှိခဲ့တာ ဖြစ်ကြောင်း၊ ပိုးတွေ့ သံဃာတော် သီတင်းသုံး နေထိုင်သည့် ကျောင်းဆောင်နှင့် ကျောင်း တိုက်ဝင်း အတွင်းကို ပိုးသတ် ဆေးဖြန်းခြင်း ဆောင်ရွက်မှုကို လူမှုကူညီရေးအသင်းက ကူညီဆောင်ရွက်ပေးခဲ့ပြီး ကျောင်းတိုက်ရှိ အခြားသော သံဃာတော်များကိုလည်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက swab ယူစစ်ဆေးဆောင်ရွက်ရာ သံဃာတော်များ အားလုံး မှာ စစ်ဆေးချက် အဖြေအရ ပိုးမတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံက သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ယနေ့အချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း(၁၃၇၀)ဦးထိ ရှိလာပြီး၊ တိုင်းဒေသကြီးက ဆေးရုံ အသီးသီးမှာ ဆေးရုံတက်ရောက်ဆဲ(၃၂၇)ဦးရှိကာ၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့် ရရှိသူ(၁၀၄၀)ဦးနှင့် သေဆုံးသူ(၃)ဦး ရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
သန်းနိုင်ဦး(ငဖဲ)