ကော့သောင်း ဒီဇင်ဘာ ၁၆
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာ ဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် (၈) နာရီတွင် ကော့သောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ထို့နောက် အ.ထ.က(ခွဲ) အ.လ.က(၂) ကျောင်းမှ ကျောင်းသူလေးများက "အလှပန်းများပွင့်ကြပြီ" သီချင်းဖြင့်လည်းကောင်း၊ အ.လ.က(ခွဲ) (၃)မိုင်ကျောင်းမှ ကျောင်းသူလေးများက "အလှကမ္ဘာမြေ" သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေ၍ အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်းမှ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကအဖွဲ့တို့က တီးမှုတ်ဖျော်ဖြေကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အကအဖွဲ့များအား အဖွဲ့အလိုက် ဂုဏ်ပြုဆုငွေ (၁)သိန်းကျပ်စီကို ချီးမြှင့်ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် ဒေသတွင်း လူငယ်ရေးရာ အသိပညာပေး လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံပြဘုတ်၊ လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြဘုတ်များ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ၊ အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲနှင့် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲအနေဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ မြန်မာသဒ္ဒါသတ်ပုံအမှန် ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ အားကစားအနေဖြင့် ခါးကွင်းလှည့်ကစားနည်း၊ ဂုန်နီအိတ်စွတ်ပြေးကစားနည်း၊ စာလုံးဆက်ကစားနည်း၊ အာလူးကောက်ကစားနည်း၊ ခွက်နင်းကစားနည်းများ ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ကျောင်းသုံးဗလာစာအုပ်များဖြင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
အဆိုပါ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ ကော့သောင်းမြို့နယ်အတွင်းမှ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက သိပ္ပံလက်တွေ့ခန်းများ၊ ပညာရေးပြဘုတ်များ၊ ဓာတ်ပုံပြဘုတ်များနှင့် စာအုပ်ပြပွဲများကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး ပြိုင်ပွဲများတွင်လည်း ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွဲကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)