တောင်ငူမြို့၌ (၂၁၁၉)နှစ်မြောက် ရှမ်းနှစ်သစ်ကူး အခမ်းအနားကျင်းပ

တောင်ငူ ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီဘိုးဘွားရိပ်သာခန်းမ၌ ရှမ်းလူငယ်အသင်း(တောင်ငူ)မှ ဦးဆောင်ကာ (၂၁၁၉)နှစ်မြောက် ရှမ်းနှစ်သစ်ကူးအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ရှမ်းစာပေနှင့် ယဥ်ကျေးမှုကော်မတီဥက္ကဋ္ဌ လုင်းစိုင်းယီကျော်မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

ထို့နောက်  (၂၁၁၉)နှစ်မြောက် ရှမ်းသစ်နှစ်ကူး အခမ်းအနားဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ စိုင်းအောင်အောင်က အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်၊ တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး ရှမ်းစာပေနှင့် ယဥ်ကျေးမှုကော်မတီဥက္ကဋ္ဌ လုင်းစိုင်းယီကျော်နှင့် တာဝန်ရှိသူများက တောင်ငူမြို့နယ်အတွင်းရှိ ရှမ်းစာပေထူးချွန်သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ရှမ်းတိုင်းရင်းသားများ၏ ရိုးရာယဥ်ကျေးမှု အကအလှများဖြင့် သီဆိုဖျော်ဖြေကြပြီး တောင်ငူမြို့နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားများက ပျော်ရွှင်စွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇော်ကိုကို(ပြန်/ဆက်)