ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ (၁) ဦးထပ်မံတွေ့ရှိ

ခင်ဦး နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ တပင်ကောင်းမြောက်ရွာတွင် နိုဝင်ဘာလ ၂၈ ရက်နေ့က ကျန်းမာရေး ဝန်ထမ်းများမှ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အသက် (၃၂) နှစ် အမျိုးသမီးတစ်ဦးမှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ပိုးတွေ့အတည်ပြုလူနာ အမျိုးသမီးမှာ နိုဝင်ဘာလ ၁၆ ရက်နေ့က ပုသိမ်ကြီးမြို့သို့ ဆိုင်ကယ်ဖြင့် နေ့ချင်းပြန် သွားခဲ့ပြီး ယနေ့တွင် အနံပျောက်သွားသဖြင့် စစ်ဆေးခဲ့ရာမှ တွေ့ရှိကြောင်း၊ မဖြစ်မနေသွားရပါကလည်း ပြန်ရောက်သည်နှင့် Quarantine Center တွင် ၁၄ ရက်အပြည့်အဝဝင်ရမည်ဖြစ်ကြောင်း၊ လူမသိအောင် ခိုး၍မသွားကြရန်နှင့် သွားခဲ့ပါကလည်း သက်ဆိုင်ရာကျန်းမာရေးဌာသို့ အမှန်အတိုင်း အသိပေးကြပါရန် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာစန်းယုကို ၏ပြောကြားချက်အရ သိရသည်။

အဆိုပါပိုးတွေ့ အတည်ပြုလူနာ အမျိုးသမီးကို ၎င်းကျေးရွာမှ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဌ ဦးစိုးဝင်းအောင်နှင့် တပ်ခွဲမှူး ဦးလွင်မောင်တို့က ညနေ နာရီက သွားရောက်ခေါ်ယူပြီး မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ထားရှိ၍ ဆေးကုသ သွားမည် ဖြစ်ကြောင်း သိရသည်။

ခင်ဦးမြို့နယ်တွင် ယနေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း (၁၅) ဦးရှိပြီး (၁၂) ဦးမှာ ကျန်းမာရေးကောင်းမွန် သဖြင့် ဆေးရုံမှ ဆင်းခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့ပိုးတွေ့ရှိသူ တစ်ဦးအပါအဝင် ပိုးတွေ့ () ဦးမှာ ဆေးကုသမှု ခံယူလျက်ရှိလျက်  ရှိကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)