စလင်းမြို့၊ မြို့မစည်ပင်သာယာစျေး၌ ပလတ်စတစ်အိတ်သုံးစွဲမှုလျှော့ချရေး ပလတ်စတစ်အိတ်ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်

စလင်း ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့နယ်  မြို့မစည်ပင်သာယာစျေး၌   ရောင်းချကြသည့် စျေးသည် စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်  ပတ်ဝန်းကျင်  ထိခိုက်မှုလျော့နည်းသက်သာစေရေး ပလတ်စတစ်အိတ်သုံးစွဲမှုလျှော့ချသုံးစွဲ  လျော့နည်းသက်သာစေရန်  အသိပညာပေးခြင်း(Campaign)နှင့် အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  ဦးဆောင်၍ ဝန်ထမ်းများကပူးပေါင်း  ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနဝန်ထမ်းများ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့များ ပါဝင်သော အင်အား(၁၀)ဦးလိုက်ပါ၍ စျေးရောင်းစျေးဝယ်ပြည်သူများကို စျေးဝယ်ယူရာ၌  လက်ဆွဲခြင်းနှင့် ထည့်စရာယူဆောင်လာရန် အသိပညာပေးခြင်း  လက်ကမ်းစာစောင်များဖြန့်ဝေခြင်း  မိမိတို့ဒေသမှထွက်ရှိသည့်   ကြာဖက်၊ ငှက်ပျောဖက်တို့ကို  အခမဲ့ဖြန့်ဝေခဲ့ကြသည်။

ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ အလွန်အကျွံသုံးစွဲ၍ လေထုညစ်ညမ်းမှုများရှိလာကာ  ဘေးထွက်ဆိုးကျိုးများကြောင့် လျော့ချသုံးစွဲကြရန် အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကာ အပတ်စဥ် တနင်္လာအင်္ဂါနေ့တိုင်း ပလတ်စတစ်အိတ်  မသုံးစွဲရေးနေ့အဖြစ်သတ်မှတ်ကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်  ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ  လိုက်လံအသိပေးခြင်းများ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေကာ ပြည်သူများလိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)