(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များခင်းကျင်းပြသ

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များခင်းကျင်းပြသ

ဘုတ်ပြင်း ဒီဇင်ဘာ ၁၆       

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် လွတ်လပ်ရေး၏ အဓိပ္ပာယ်များ၊ လူငယ်လူရွယ်များအနေဖြင့် မျိုးဆက်သစ်တို့ ဆက်လက်ထိန်းသိမ်းရမည့် နေ့ထူးနေ့မြတ်များနှင့် လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှု သမိုင်းအကြောင်းအရာများ၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းသင်ခန်းစာအပြင် အားလပ်ချိန်တွင် အသိပညာဗဟုသုရရှိစေမည့် စာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေးဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတ ရရှိစေရန် သုတ၊ ရသစာအုပ် စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းဖတ်ရှုနိုင်ကြောင်း ပြောကြားသည်။

ယင်းနောက် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အ-မ-က(ရွှေဘုံသာ)ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲအပြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများကို မြို့နယ်ဦးစီးမှူးနှင့် အမက-ရွှေဘုံသာ ကျောင်းအုပ်ဆရာမကြီးတို့က အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ခဲ့သည်။

ထို့နောက် လွတ်လပ်ရေးကြိုး ပမ်းဆောင်ရွက်မှု နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ခင်းကျင်းပြသထားရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)