သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

သရက်ချောင်း   ဒီဇင်ဘာ   ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားတက်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးနွေးဆွေးပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် သုတ၊ ရသ စာအုပ်/စာစောင်များ ခင်းကျင်းပြသရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ‌ဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်၊ ရဲတပ်ဖွဲ့မှ ဒုတိယရဲအုပ်သီဟကျော်စွာက အသိပညာပေးဟောပြောရာ မူးယစ်ဆေးဝါးအန္တရာယ်သည် တိုင်းပြည်၏အနာဂတ်ကို ကြီးမားတဲ့ခြိမ်းခြောက်မှု အန္တရာယ်တစ်ခုဖြစ်တာကြောင့် ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါးရဲ့အန္တရာယ်ကို သိရှိနားလည် ရှောင်ရှားတတ်ရန်၊ မူးယစ်ဆေးသုံးရခြင်း အဓိကအကြောင်းအရင်းများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သော ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ရောင်းဝယ်ခြင်းပြုလုပ်ပါက အရေးယူခံရမည့် ဥပဒေပြစ်မှု/ပြစ်ဒဏ်များအကြောင်းရှင်းလင်းခြင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်တိုက်ခိုက်လာသော မူးယစ်ဆေးဝါးအသုံးချမှုများကို အမြစ်ပြတ်သည်အထိ တိုက်ဖျက်ရာတွင် ကျောင်းသား/သူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီကြရန် အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကာ အခမ်းအနားရုပ်သိမ်းလိုက်သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်/စာစောင်များအား ခင်းကျင်းပြသထားရာ စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)