ပေါင်းတည်မြို့နယ်၌ ဆီထွက်သီးနှံဧက ၁၈၀၀၀ကျော် စိုက်ပျိုးအောင်မြင်

ပေါင်းတည် ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆီထွက်သီးနှံများကို ယနေ့အထိ ဧက ၁၈၆၀၁ ဧက စိုက်ပျိုးအောင်မြင်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် မြို့နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးရန် ၁၉၁၉၄ ဧက လျာထားခဲ့ပြီး ဆောင်းနှမ်း ၁၀၃၉၆ ဧက၊ မြေပဲ ၇၂၀၀ ဧကနှင့် နေကြာ  ၁၀၀၅ ဧကကို စိုက်ပျိုးပြီးအောင်မြင်ခဲ့ပြီဖြစ်ကြောင်း၊ လျာထားချက်ပြည့်မီကျော်လွန်အောင် နေကြာ ၅၉၃ ဧကကို ဆက်လက် စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်၏ မြောက်ဘက် တောင်ယာစပါးစိုက်ပျိုးမှုများသော ပဲခူးရိုးမတောင်ခြေကုန်းမြင့်ဒေသများတွင် ရှေးယခင်ကတည်းက သဘာဝနှင်းရည်ဖြင့် ဆောင်းနှမ်းများကို အဓိကထား၍မိရိုးဖလာအတိုင်း စိုက်ပျိုးခဲ့ကြပြီး နွားများဖြင့် ဆုံဆီကြိတ်ကာ နှမ်းဆီစစ်စစ်ကို ထုတ်လုပ်ခဲ့ကြကြောင်း၊ ယခုနှစ်များတွင် ထိုဒေသရှိ တောင်ယာလုပ်ကိုင်သူများသည် မျိုးကောင်း မျိုးသန့်များကိုရွေးချယ်၍ စိုက်ပျိုးလာကြကြောင်း သိရသည်။

မြေပြန့်ရှိ သဲဆန်သော မြေများတွင် မြေပဲများစိုက်ပျိုးကြ​ပြီး မြို့ဆင်ခြေဖုံး ကျေးရွာများရှိ လယ်မြေများတွင် နေကြာကို သီးထပ်အဖြစ် စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။

ရွှေသား( ပြန်/ဆက်)