ကသာ ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကသာမြို့မဈေးကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြပွဲတွင် တာဝန်ရှိသူတစ်ဦးကမီးလောင်မှုအဆင့်ဆင့်နှင့် အဆင့်အတိုင်းတွင် မီးငြှိမ်းသတ်ပုံများ၊ အထူးသဖြင့် ကနဦးမီးလောင်မှုအဆင့်တွင် မီးသတ်ဆေးဘူးကို အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ အဝတ်ရေစိုဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့မီးငြှိမ်းသတ်ပြပြီး ဈေးသူ၊ ဈေးသားတို့အား လက်တွေ့ငြှိမ်းသတ်စေသည်။ ဆက်လက်၍ ဂက်(စ်)အိုးမှ မီးလောင်ခဲ့ပါက ငြှိမ်းသတ်ပုံငြှိမ်းသတ်နည်းတို့ကို ရှင်းလင်းပြောကြားပြီး လက်တွေ့ငြှိမ်းသတ်ပြခဲ့ကာ မီးလောင်နေသည့် အဆောက်အအုံများ မီးလောင်ကျွမ်းပါက မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ပုံများကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ကသာမြို့စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာထွန်း(ကသာ)