ကလေးမြို့တွင် ဆောင်းသီးနှံထွန်ယက်ရေးလုပ်ငန်းများဆောင်ရွက်ရန် စက်သုံးဒီဇယ်ဆီနှင့် ထွန်ယက်စရိတ် ငွေကျပ်(၂၃၄၀၀၀၀၀)သိန်း ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ကလေး ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ကလေးခရိုင်၊ ကလေးမြို့နယ်၊ ကျောင်းတိုက်ကျေးရွာမှ မီးဘေးသင့်တောင်သူ(၇၂)ဦး၏ လယ်မြေဧက ၃၀၀ တွင် ဆောင်းသီးနှံထွန်ယက်ရေးလုပ်ငန်းများဆောင်ရွက်ရန် စက်သုံးဒီဇယ်ဆီနှင့် ထွန်ယက်စရိတ်အပါအဝင် ငွေကျပ် (၂၃၄၀၀၀၀၀) သိန်းအား လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကလေးမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။   

ရှေးဦးစွာ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်က မီးဘေးသင့်‌တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းများတွင် အခက်အခဲမရှိစေရန်အတွက် တိုင်းဒေသကြီးအစိုးရမှ ပထမအကြိမ် မိုးသီးနှံစိုက်ပျိုးရန်အတွက် ငွေကျပ် (၃၀၄၂၀၀၀၀) ကျပ်ကို ပေးအပ်ခဲ့ပြီး လျာထားချက် (၁၇၈၅၇၅) ဧကတွင် (၁၇၆၆၅၉)ဧက စိုက်ပျိုးနိုင်ခဲ့သောကြောင့်  (၉၀) ရာခိုင်နှုန်း အောင်မြင်အောင်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုဆောင်သီးနှံအတွက် လျာထားချက် (၃၂၇၉၃၂) ဧကရှိရာ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ကြိုးပမ်းသွားကြရန်နှင့် ကလေးခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆန်နှင့်ဆီထွက်သီးနှံများ အားထားရဆုံးခရိုင်ဖြစ်သည်နှင့်အညီ  မျိုးကောင်းမျိုးသန့်များကို အသုံးပြု၍ မြေလွတ်မြေလပ်မကျန်အောင် တိုးချဲ့စိုက်ပျိုးသွားကြရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ကလေးခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဒေသခံတောင်သူများထံ ထွန်ယက်စရိတ်များပေးအပ်ရာ တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကလေးခရိုင်/မြို့နယ် စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကလေးခရိုင် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)