ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေးဒရဲ နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ  ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အစည်းအဝေးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က ကိုဗစ်-၁၉ ကာလအတွင်း အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်စေရေး၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြစေရေး ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြသည့် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များအား ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရေး မြို့မတိုက်နယ်၊ ကျုံဒါးတိုက်နယ်နှင့် နောက်ပြန်တိုးတိုက်နယ်တို့ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း များအား တိုက်နယ်အလိုက် (၃)ကြိမ်ခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 မြင့်မြင့်ခိုင်(ပြန်/ဆက်)