ညောင်လေးပင် ဒီဇင်ဘာ ၁၅
ညောင်လေးပင်မြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော ၁၃၈၆ ခုနှစ် (၈၀) ကြိမ်မြောက် စာဆိုတော်နေ့အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက ညောင်လေးပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ညောင်လေးပင်မြို့နယ် စာရေးဆရာအသင်းနာယက ဒေါက်တာမြင့်သန်း(ညောင်လေးပင်)က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌမှပေးပို့သော ၁၃၈၆ ခုနှစ် စာဆိုတော်နေ့အထိမ်းအမှတ် သဝဏ်လွှာအား မြို့နယ်စာရေးဆရာအသင်းဘဏ္ဍရေးမှူး ဒေါ်လှမြတ်နွယ် (လှမြတ်နွယ်-ညောင်လေးပင်)က ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ဆရာမောင်တောက်ထိန် (ဆရာကြီးဦလှသောင်း(ဘဏ်))က “ဥတုပြုရှာ မြန်မာဝေါဟာရတွေ ကွယ်ပျောက်မှာ စိုးကြောက်မိပါတယ်”ခေါင်းစဥ်ဖြင့် လည်းကောင်း၊ "ဆရာဇော်ဂျီ၏ အတ္ထုပ္ပတ္တိ"အား လှမြတ်နွယ်-ညောင်လေးပင်က ဖတ်ကြားခြင်း၊ ဒိုက်ဦးမြို့နယ် စာရေးဆရာအသင်းအတွင်းရေးမှူး ဆရာ ဦးမိုးကျော်(ငြိမ်းခင်ဦး)၏ "စာပွဲသဘင်"ကဗျာကို ဦးစည်သူဟိန်း (စည်သူဟိန်း-ညောင်လေးပင်)ကရွတ်ဆိုခြင်း၊ အချုပ်တန်းဆရာဖေ၏ “ဆောင်းရတုပွဲ”ကဗျာကို ဒေါ်စန်းမြင့်တင် (စန်းမြင့်တင်(နွားထိုးကြီး))ကရွတ်ဆိုခြင်း၊ ဆရာဦးနေလင်းမှ “စာဆိုတော်ပွဲနွဲကြစို့”ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဆရာဒေါက်တာကိုဦးက “ကျွန်တော်နှင့်ဇာတိရွာ”ခေါင်းစဥ်တို့ဖြင့် သုတ/ရသဆိုင်ရာစာပေ၊ ကဗျာတို့ကို ဟောပြောရွတ်ဆိုခဲ့ကြသည်။
ထို့နောက် တက်ရောက်ခဲ့ကြသော စာပေချစ်သူမြို့မိမြို့ဖများက အလှူငွေများနှင့် စာအုပ်စာစောင်များ ပေးအပ်ခြင်း၊ စာရေးဆရာအသင်းအဖွဲ့ဝင် ဦးလှမြင့်(လှမြင့်ဦး(ညောင်လေးပင်))က မုဒိတာစကားပြောကြားခြင်း၊ စာရေးဆရာအဖွဲ့ဝင် ဆရာဦးစိုးလွင် (စိုးလွင်ဝင်း(ပြွန်တန်ဆာ))မှ ကျေးဇူးတင်စကားပြောကြားခဲ့ကာ သက်ကြီးစာပေပညာရှင်များအား စာရေးဆရာအသင်းဝင်များမှ ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)