ကန့်ဘလူ ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံနှင့် ခန့်ညားရတနာကိုယ်ပိုင်ဆေးရုံတို့တွင် ယနေ့နံနက်ပိုင်းက လျှပ်စစ်မီးလိုင်းများ၊ မီးသတ်ရေငုတ်များ စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်လင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ဆေးရုံဝန်ထမ်းများအား မိမိတို့ဆေးရုံ၊ ဆေးခန်းများအတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများ၊ မီးဘေးအန္တရာယ် အရေးပေါ်ဖြစ်ပွားလာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရမည့် လုပ်ငန်းစဥ်များကို အသိပညာပေးရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူးအသုံးပြုနည်း၊ ဆီမီးလောင်မှုကို မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်မှု၊ ရေစိုအဝတ်ဖြင့် မီးငြှိမ်းသတ်နည်းများနှင့် မီးငြှိမ်းသတ်ယာဥ်ဖြင့် စုပေါင်းမီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြသကာ ဆေးရုံဝန်ထမ်းများအား ကိုယ်တိုင်ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)