မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် အောင်လံမြို့၊ အဝေးပြေးယာဉ်ရပ်နားစခန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

အောင်လံ ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အဝေးပြေးယာဉ်ရပ်နားစခန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၃ ရက်နေ့က ဖွင့်လှစ်ခဲ့ရာ တေးသံရှင် ရွှေစင်ရုပ်လွှာမှ ဖွင့်ပွဲရတု ရွတ်ဆိုခဲ့ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိမ်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးအောင်သူ၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ တိုင်းရေးသားရေးရာဝန်ကြီး ဦးထွန်းခင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါဝင်ကူညီခဲ့သည့် ဘင်ခရာနှင့် ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ရာ အဝေးပြေးယာဉ်ရပ်နားစခန်းဖွင့်ပွဲ “ပေါင်းစည်းခြင်းရဲ့ ရလဒ်တွေ” ဂုဏ်ပြုတေးသီချင်းဖြင့် အ.ထ.က(၁) ကျောင်းသား/ ကျောင်းသူများမှ တေးသရုပ်ဖော် ကပြဖျော်ဖြေခဲ့ပြီး အဝေးပြေးယာဉ်ရပ်နားစခန်းဖွင့်ပွဲအခမ်းအနားနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှ အဝေးပြေးယာဉ်ရပ်နားစခန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အဝေးပြေးယာဉ်ရပ်နားစခန်းရှိ ဂိတ်ခန်း၊ ဆိုင်ခန်းပိုင်ရှင်များ အားလုံးကိုယ်စား “မိုးပျံ” ဂိတ်ပိုင်ရှင် ဦးဇော်ထွန်းမှ ကျေးဇူးတင်စကား ပြောကြားပေးခဲ့သည်။

ထို့နောက် အ.ထ.က(၁) ကျောင်းသား/ ကျောင်းသူလေးများမှ “ထာဝရ မြန်မာ” သီချင်းဖြင့် တေးသရုပ်ဖော်ကပြဖျော်ဖြေခဲ့ပြီး ဝန်ကြီးချုပ် ဦးတင့်လွင်မှ ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်း၊ အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” သီချင်းဖြင့် အ.ထ.က(၁) ကျောင်းသား/ ကျောင်းသူများမှ ကပြဖျော်ဖြေခဲ့ပြီး တည်ဆောက်ပြီးစီးသော အဝေးပြေးယာဉ်ရပ်နားစခန်း Express ဂိတ်မှ ထွက်ခွာမည့် မော်တော်ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသည့် ခရီးသည်များအား အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)