ပေါင်းတည် ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်ရှိ ဒေါ်ဦးဇွန်းတည်ထောင်ထားခဲ့သော ဘိုးဘွားရိပ်သာ၌ ယနေ့နံနက်ပိုင်းက ပေါင်းတည်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့သည် ဘိုးဘွားရိပ်သာရေလှောင်ကန်များကို ရေဖြည့်ပေးခြင်း၊ အဘိုးအဘွားဆောင်များရှိ သန့်စင်ခန်းများကို မီးသတ်ပိုက်များဖြင့် ဆေးကြောသန့်ရှင်းပေးခြင်းနှင့် ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် အဘိုးအဘွားများအတွက် သောက်သုံးရေနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးတို့အတွက် မီးသတ်ရေသယ်ယာဉ်များဖြင့် ရေလှောင်ကန်များသို့ ရေလှူဒါန်း ဖြည့်ဆည်းပေးခဲ့ကြပြီး ဘိုးဘွားများ၏ ကျန်းမာရေးအတွက် သန့်စင်ခန်းများကို မီးသတ်ပိုက်များဖြင့် ဆေးကြောသန့်ရှင်းပေးခြင်း၊ ပိုးသတ်ဆေးဖြန်းပေးခြင်းများကို စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ တရားဘာဝနာပွားများနိုင်ရေးနှင့် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘိုးဘွားရိပ်သာတာဝန်ခံများ၊ ဌာနဆိုင်ရာများ၊ ဒေသခံ ရပ်မိရပ်ဖများ၊ ပြည်သူများနှင့် စေတနာရှင် အလှူရှင်များက နေ့စဉ် ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)