ကော့သောင်း ဒီဇင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းနှင့် ကော့သောင်းခရိုင်၊ မြို့နယ်ဥပဒေရုံးမှ အရာထမ်း၊အမှုထမ်းများ တွေ့ဆုံပွဲကို ကော့သောင်းခရိုင်နှင့်မြို့နယ်ဥပဒေရုံးတွင် ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ဦးအုန်းသန်းက အမှာစကားပြောကြားရာတွင် ဥပဒေရုံးများအနေဖြင့် အများပြည်သူယုံကြည်လေးစားရသော ရုံးများဖြစ်စေရေး၊ ဥပဒေအကြံဉာဏ်ပေးရာတွင်လည်းကောင်း၊ တရားစွဲနှင့်အမှုလိုက်ပါဆောင်ရွက်ရသော လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရာတွင်လည်းကောင်း ဥပဒေနှင့်အညီမှန်မှန်ကန်ကန်ဖြစ်စေရေး၊ ဥပဒေအသိပညာပြန့်ပွားရေးဆောင်ရွက်ခြင်းသည် မိမိတို့လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သလို နိုင်ငံတော်၏မူဝါဒဖြစ်သည်နှင့်အညီ အလေးထားဆောင်ရွက်စေရေးပြောကြားပြီး ကော့သောင်းခရိုင်ဥပဒေရုံးသစ် ဆောက်လုပ်နိုင်ရေးနှင့်စပ်လျဉ်း၍လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ကော့သောင်းခရိုင်နှင့် မြို့နယ်ဥပဒေရုံးမှ အရာထမ်း၊အမှုထမ်းများက တစ်ဦးချင်းဆွေးနွေးတင်ပြရန်ရှိသည်များတင်ပြခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်နှင့် တိုင်းဒေသကြီးဥပဒေအရာရှိတို့က ကော့သောင်းခရိုင်နှင့်မြို့နယ်ဥပဒေရုံးမှ အရာထမ်း၊အမှုထမ်းများအား နှစ်သစ်အကြိုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)